Sep 18, 2009

စာမျက်နှာပေါ်ကနေ သင့်စပေ့စ်ထဲ ခုန်ဝင်လာတယ်

အရပ်သုံးစကားနဲ့ စာကြီးပေကြီးစကားကြား လူးလာ ယခင်ကဗျာတွေဝင်မလာရ တားမြစ်ထားသော အခြားဘာသာစကား လောကများ “ဖွင့်ဟဖော်ထုတ်ခြင်း ပုံသဏ္ဌန်အားလုံး ဒီမိုကရက်တစ် လုပ်ဖို့” ( အက်ရှဘရီ ) အကြောင်းအရာအားလုံး ဖြစ်တည်နိုင်ခွင့်ရှိ “စကြာဝဠာမြစ်ထဲမှာ ကဗျာဟာ လမ်းကြောင်းရှာလိမ့် ဘာသာစကားရဲ့ ခန္ဓာကိုယ်ထဲအပြည့်အ၀ ပါရှိစွာ” ( အဒေါနစ္စ )“အချက်အလက်ကဗျာ ဓမ္မဓိဠာန်ကဗျာ တကယ့်ဘ၀ရဲ့အပိုင်းအစတွေ လက်ဆုပ်လက်ကိုင်ပြနိုင်တာတွေ သူတို့ရဲ့ အမည်နာမတွေ အသေးစိတ်အချက်အလက်အတိအကျတွေ တိကျဒေတာတွေ ကိန်းဂဏန်းတွေ ဆိုရိုးစကားတွေ”( အာနက္စတို ကာဒီးနားလ် ) အတွေးနဲ့ စကားထဲဝင်လာတဲ့ လူမျိုးနဲ့လိင် ဖွင့်ဟဖော်ထုတ်မှုမဟုတ်တဲ့ ဖွဲ့စည်းမှု့နည်းစနစ် တွေ “ တိုက်ဆိုင်မှု “ နဲ့ “ရွေးချယ်မှု” (ဂျက္ကဆင်န် မက္ကလိုးနဲ့ဂျော်န်ကေးဂ်ျ ) ကဗျာကို “ သူ့ဖာသာသူပေးရေးဖို့ “ ရှိပြီးသား ဘာသာစကားသုံးစွဲမှု့ကို ယူသုံးဖို့ လမ်းကြောင်းသစ် ကွေ့ချိုးဖို့ ပုံမှန်လမ်းကြောင်းနဲ့ ရည်ရွယ်ချက်ကနေ သွေဖီဖို့ ဘာသာ စကားကို ဆန်းကျယ်အောင်လုပ်ဖို့ ကဗျာဟာဘာသာစကားရဲ့ လုပ်ငန်းဆောင်တာတစ်ခု ဘာသာစကားဟာ ကဗျာပြုလုပ်ခြင်းရဲ့ လုပ်ငန်းဆောင်တာတစ်ခု မိမိကိုယ်ကလွဲလို့အခြားအင်အားတွေ စွမ်းအင်တွေ ကဗျာထဲပေးဝင်ဖို့ သာမန်နေ့စဉ်ဆက်ဆံရေးရဲ့ အပယ်ခံတွေပေးဝင်ဖို့ ယဉ်ကျေးမှု/ဘာသာဗေဒ ဆက်စပ်ဝန်းကျင်ထဲရှာဖွေတွေ့ရှိရတဲ့ ဘာသာစကားကိုခွဲခြားကွဲပြားကစားဖို့ ကဗျာရေးသူဟာ ဘာသာစကားဝင်ပြောတဲ့ ယာဉ် ကဗျာရေးသူအားဖြင့် ဘာသာစကားဟာ ၀င်ပြောတယ် စကားပြေဟာလည်း ကဗျာရဲ့အသုံးအဆောင် ဖြစ်နိုင်ချေ အလားအလာတွေရဲ့မြေပုံကြိုးစား ရေးဆွဲကြည့်ခြင်း စမ်းသပ်ဘာသာစကားပစ္စည်းတွေရဲ့ အဆက်မပြတ်စီးဆင်းမှု့ထဲမှာကျွန်တော်/ ခင်ဗျားတို့ ဘာသာစကားကုဗ၀ါဒ အကြာင်းအရာ ရုတ်တရက်ပြောင်းခြင်းများ ကဗျာအတွေးထဲ ထိန်းချုပ်မှု့မဲ့ ခုန်ဆင်းခြင်းများ ယုတ္တိမဲ့ နိမိတ်ပုံတွေ ချိုးဖျက်လိုက်တဲ့ဝါကျဖွဲ့ထုံးတွေ စနစ်တကျတိုက်ဆိုင်မှုလုပ်ရပ်တွေ “ ငါ့မှာပြောစရာဘာမှ့မရှိဘဲနဲ့ငါပြောတယ်။ အဲ့ဒါကဗျာဘဲ။” “ ငါတို့မှာပိုင်ဆိုင်တာဘာတစ်ခုမှမရှိဘူးလို့ သဘောပေါက်သွားတဲ့အချိန်မှာ ကဗျာရှိတယ်” ( ဂျော်န်ကေးဂ်ျ )ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ကတ်တလောက်တွေ စက်ပစ္စည်းတပ်ဆင်နည်းတွေ ဆွဲထုတ်ကောက်နှုပ်စိ ဆက်စပ်မှုသစ်များ “ ကဗျာဆရာဟာ ဖန်တိးသူမဟုတ်ဘူး၊ရွေးချယ်သူဖြစ်တယ်။ ဖြတ်သွားသမျှအားလုံးကို ဖမ်းယူစားသောက်ပစ်လိုက်တဲ့အမီးဘား။ လူသားကိစ္စမှန်သမျှနဲ့ဘာတစ်ခုမှ့မစိမ်းဘူး” ( နီကားနောပါရား) အရှိတရား အားလုံး ကဗျာထဲဝင်ခွင့်ရှိကြတယ် စိတ်တွင်းစကားသံတွေနဲ့ကြားဘူးနားဝ အဆိုအမိန့်တွေရဲ့ ကော်လာ့ဂ်ျ ဘာသာစကားသုံးစွဲပုံအချို့ကိုကဗျာဟာအမြဲတမ်းတိုင်းတာတယ် “ အရှိတရားဆိုတာ ဟောဟိုအပြင်မှာရှိနေတာမျိုးမဟုတ်ဘူး။ အရှိတရားဆိုတာရှာဖွေရတဲ့အရာ တိုက်ခိုက်သိမ်းပိုက်ယူ ရတဲ့အရာ” ( ပေါလ်စီလန်း )ကဗျာတစ်ပုဒ်လုံးဟာ ၀ါကျတစ်ကြောင်းပဲ ကဗျာပိုဒ်တွေဟာ ဒီဝါကျရဲ့အစိတ်အပိုင်းတွေ စကားစုတွေ “ ဘာသာစကားသုံးစွဲပုံ အပြောင်းအလဲဟာ လောကကြီးကို အဓိပ္ပာယ်ကောက်ပုံရဲ့ အပြောင်းအလဲပဲ။ ( ဟဲလ်မွတ်ဟိုက်စင်ဗြူတလ် ) ကဗျာရဲ့သဘောသဘာဝဟာ ဘာလဲ ကဗျာဆရာရဲ့အလုပ်ဟာဘာလဲ အကျင့်ကပယ်ထုတ်ထားတဲ့ဖြစ်နိုင်ချေတွေကို ပြုလုပ်ဖို့ကတ္တား- ကံ မျဉ်းကြောင်းကို ချိုးဖွင့်ဖို့ စကားလုံးနဲ့စကားစုတွေကို စီကစားဖို့ ဘယ်စကားလုံး ဘယ်စကားစုကိုမှ ဘယ်ဖွဲ့ထုံးအောက် ဒူးမထောက်ဖို့ ထပ်ကြော့ပတ်လည် ဒီပေါ်ကစား ကိုယ့်ကိုကိုယ်ထားသိုဖို့ ကိုသြဒိနိတ်ရှာဖွေရန် အပေါ်ယံအလ္လာပသလ္လာပတွေ ရုတ်ချည်းအမြန်နှုန်းတွေ နေ့စဉ်ဘ၀ရဲ့ နက်နက်ရှိုင်းရှိုင်း နေထိုင်မှုတို့ရဲ့ အရေပြားပေါ် တောက်ပ နျူးယောက် အကြောင်းအရာမဟုတ်ဘူး ဖြစ်စဉ်စိတ်တွင်းအကြောင်းအရာဖွဲ့ခြင်းဖြစ်စဉ် ဖြစ်နိုင်ချေဇာတ်လမ်းတွေရဲ့ ကွင်းကျယ်ကြီးထဲမှာ ကြိုက်ရာ ဇာတ်လမ်းဖွဲ့ယူဖို့ သင်ဟာ ကျွန်ပ် ဖြစ်နိုင်သလို ကျွန်ပ်ဟာလဲ အခြား တယောက် အားလုံးဟာ သိစိတ် တခုရဲ့ တနည်းမဟုတ်တနည်း အစိတ်အပိုင်းတွေ ဒီအစိတ်အပိုင်းတွေရဲ့ ဒီသိစိတ် ကဗျာဆိုတာ ဖြစ်စေတယ်(အယ်ရှဘရီ) ထပ်မံ နျူးယောက် “ငါး ဟာ ရေပဲကူးတတ်တယ်။ အကယ်၍ ကဗျာတပုဒ်ဟာ
ငါးတကောင်ဆိုရင် ကဗျာရဲ့အလုပ်ဟာ သူ့ရေကူးခြင်းကို သူရှာဖွေဘို့ မလွဲမသွေ ရှာဖွေဘို့။” (အာမန်း ရွှယ်နာ) စကားသံများစွာရဲ့ ကဗျာဆရာ ပဲလင်းမ်ပ်ဆက်စ် “စပ်ထိုးစာ” ထူးဆန်းတဲ့စကားလုံးတွေ အသုံးနည်းတဲ့စကားလုံးတွေ သိပ္ပံ အသုံးအနှုန်း တွေ နိုင်ငံခြား စကားလုံးတွေ နံပတ်တွေ ကိန်းဂဏန်းတွေ လေသံပြောင်းတွေ ပြီးလဲမပြီး ရှင်းလဲမရှင်းတဲ့ လေဟာနယ်ထဲ ကဗျာထဲ သီအိုရီတွေ ထည့်သွင်းဘို့ သိအိုရီကို ကဗျာကအဆက်မပြတ် နေရာယူဘို့ ကမ္ဘာနဲ့ယှဉ် ကဗျာမြင်ဘို့ စကားစုတခုကိုပဲ ပတ်လည် ကစား ကောက်ရစကားတွေနဲ့ ပေါင်းစပ် “ I “ ကိုသတ် ဖိုက်ဘိုနက်ချီ ဂဏန်းစဉ် ၁၊ ၂၊ ၃၊ ၅၊ ၈၊ ၁၃၊ ၂၁၊ ၃၄၊ ၅၅. . . . . အဓိပ္ပါယ် အလွှာလွှာအထပ်ထပ် ကဗျာဖတ်သူဝင်ပါပြီး ကြိုက်ရာအဓိပ္ပါယ်ယူသုံးဘို့ သမိုင်းရဲ့ အစွန်းအစပ်က ရေညှိ နဲ့ ကျောက်တုံးပါ ကဗျာထဲဝင်လာဘို့ ၀စ်ဂင်စတိုင်းန် ရဲ့ ၀ါကျတွေကို အထားအသိုက လွတ်မြောက်စေဘို့ ပရမ်းပတာ (ရဲရင်) ဖြစ်ဖြစ် ကိုးကားချင် ကိုးကားလိုက်ဦး သူတို့ဖာသာ သူတို့ချင်း ဘယ်လိုမီးပွင့်ထ တောက်မလဲ စကားစုထဲ နာမ်တွေအစားထိုး ပိုးစားသလို တိတ်ဆိတ်မှု ၀င်စားသွားတဲ့စကားလုံးတွေ တိတ်ဆိတ်မှု ကိုက်နေတဲ့ စကားလုံးတွေ လက်ကျန်ဝါကျထဲက တိတ်ဆိတ်မှုကိုက်ရာတွေ အပေါက်တွေ ကြမ်းရှတဲ့ အနားသတ်တွေ ၀ါယာကြိုးလို လျှပ်စစ်တဖျတ်ဖျတ် ဖြတ်ညှပ်ကပ် ဂဲသြမေတြီ ဘူမိဗေဒ အဂ္ဂိရတ်ပညာ ဒသနိကဗေဒ ဇီဝဗေဒ ဒဏ္ဍာရီဗေဒ သူစိမ်းတရံစာ နယ်ပယ်လောကတွေထဲက အပိုင်းအစတွေ နှိုက်ယူဖွဲ့စည်း နေ့စဉ် အဖြစ်အပျက်တွေကို အသေးစိတ် လေ့လာ လူမှုစည်းရိုးတွေကိုထိုနည်းလည်းကောင်း မထင်မှတ်ထားတဲ့ ဆူရီယယ်လ် အခုန်မျိုးတွေ ဒါတွေကို လျှော့တွက်လို့မရ အရှိတရားရဲ့သဘောသဘာဝ တသီးပုဂ္ဂလလူသားရဲ့ ဇာတိစရိုက် ဘာသာစကားရဲ့ အရှိတရားနဲ့ လူသားတို့ကို ဖွဲ့စည်းပုံ အဓိပ္ပါယ်ရဲ့ အဓိပ္ပါယ် စာပေအနုပညာရဲ့ ပုံသဏ္ဌာန်နဲ့ တန်ဘိုး နည်းစံနစ်ရဲ့ လုပ်ဆောင်ချက် ရေးသူနဲ့ဖတ်သူ ယုတ္တိအဆက်အစပ်မဲ့များ ကျယ်ကျယ်ပြန့်ပြန့်သုံးခြင်း သိမှုရဲ့မိုးကုပ်စက်ဝိုင်း စိတ်အလျဉ် အစိပ်စိပ်အမွှာအမွှာ အတ္တကိုယ်ပွား ဗဟုရှုထောင့်များ ယုတ္တိဖျက် ဆက်စပ်မှုနည်းနာများ ဇာတ်လမ်းပြောယုတ္တိဟာလဲ လုပ်ရပ်တခု ဗဟုစကားသံအရေးအသားဟာ အက်ကွဲနေတဲ့မှန်တချပ် ဘယ်နေရာမှာရှင်းလင်း ဘယ်နေရာမှာဘာမှမပေါ် စကားပြေကဗျာ ဒိုင်ယာလော့ဂ် သမိုင်း ဒဏ္ဍာရီ အမှတ်ရမှု အိပ်မက်အပိုင်းအစ စာပေဝေဖန်ရေးသီအိုရီ အဓိပ္ပါယ်များရဲ့ လမ်းဆုံလမ်းခွ မျဉ်းဖြောင့်အစား ကြောင်လိမ်လှေကားရေးနည်း မျဉ်းတား ကွင်းခတ် ကြက်ခြေခတ် မျက်တောင်ဖွင့်ပိတ် စာလုံးဖောင့်န် ဖတ်သူဟာ တလိုင်းပြီးတလိုင်းဝင်လာ တလိုင်းပြီးတလိုင်း အမြင်ရွေ့ တလိုင်းပြီးတလိုင်း အာရုံ တလိုင်းပြီးတလိုင်းပြန်တည်ဆောက် တလိုင်းပြီးတလိုင်း သိစိတ် /သိနေခြင်းဟာ သိသိကြီးတရွေ့ရွေ့
“ စကားလုံးတွေကြား ကခုန်နေတဲ့ အသိဥာဏ် “ (အက်ဇရာပေါင်းန်ဒ်) မြက်သဘောအရေးအသား ကဗျာဟာ အမြဲ ‘ အခြား ‘ ဘာသာစကားကဗျာဟာ ဘယ်သူ့မိခင်ဘာသာစကားမှမဟုတ်ဘူး‘အခြား’ ဘာသာစကားဖြစ်ခြင်းကို အသိအမှတ်ပြုဘို့ ချီးမြှောက်ဘို့ ဘာသာစကားထဲမှာ ကျွန်တော်တို့ အမွေရတာက လူသေတို့ရဲ့စကားသံတွေ (နသယ်နီရယ်လ် မက္ကီ) ကိုချော ကိုချော ကိုချော ကိုချော
ကိုဖော်ဝေး ကိုချော ကျွန်တော်တို့ဟာ မူကြမ်းတွေ ဘယ်အမှတ်စက်ကလာနေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး ယဉ်ကျေးမှု ဘာသာစကားရဲ့ အက်ကြောင်းတွေထဲမှာ ယဉ်ကျေးမှု ဘာသာစကားထဲ အက်ကြောင်းရှာ သမိုင်းဟာ မျဉ်းဖြောင့်ကို ဆန့်ကျင်တယ်။

ဇေယျာလင်း

No comments:

Post a Comment